၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာလူ့အခွင့် အရေးနေ့အတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ သတင်းထုတ်ပြန်ချက် (၄/၂၀၁၃)

၁။      နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည်  မင်္ဂလာရှိသော အခါသမယကို နိုင်ငံတကာ အသိုက်အဝန်း နှင့်အတူ ပါဝင်ဆင်နွှဲအပ်ပါသည်။

၂။      နိုင်ငံတကာလူ့အခွင့်အရေးနေ့သည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အတွက် အထူးအရေးပါသည့် နေ့တစ်နေ့ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်အတွင်း၌ ကော်မရှင်သည် အင်္ဂလိပ် ဘာသာမှမြန်မာဘာသာ ပြန်ဆိုထားသည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ပထမဆုံး အကြိမ်အဖြစ်အစိုးရအဖွဲ့၏ အရေးကြီးသောဌာနများ၊ လွှတ်တော်နှင့် ပြည်သူလူထုထံသို့ ဖြန့်ဝေ နိုင်ခဲ့ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းအနေဖြင့် ၎င်းတို့၏ မွေးရာပါအခွင့် အရေးများကို အပြည့်အဝ သိရှိလာစေရန်အလိုငှာ  ကော်မရှင်သည် အရေးကြီးသည့် ဤကြေညာစာတမ်းကို ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ဝေ သွားမည် ဖြစ်ပါသည်။

၃။      ၂၀၁၃ခုနှစ်တွင် ကော်မရှင်သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် နှင့် ဥက္ကံမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ် နှင့် နတ်တလင်း မြို့နယ်၊ မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့၊ ဝမ်းတွင်းမြို့၊ ပျော်ဘွယ်မြို့ နှင့် မိတ္ထီလာမြို့၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့နှင့် သံတွဲမြို့များသို့ ပထမဆုံးအကြိမ်အဖြစ်သွားရောက်၍ လူထုနှင့် ထိတွေ့မှုများ ဆောင်ရွက်ခြင်း၊ ကော့သောင်းမြို့နှင့်မော်လမြိုင်မြို့ရှိ အကျဉ်းထောင်များသို့ သွားရောက် ခြင်းဖြင့်လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် ရေးနှင့် မြှင့်တင်ရေးတို့ကို ပိုမိုတိုးမြှင့်ဆောင်ရွက် နိုင်ခဲ့ပါသည်။ အဆိုပါ ခရီးစဉ်များအတွင်း တွေ့ရှိချက်များကိုအခြေပြု၍ အဆိုပါမြို့နယ်များတွင် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရေးနှင့် ယင်းအကျဉ်းထောင်များ၏အခြေအနေများတိုးတက်ကောင်းမွန်ရေးတို့အတွက်လိုအပ်သည့်ကြိုတင် ကာကွယ် ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ကော်မရှင်သည် အရေးကြီးသည့် အကြံပြုချက် များကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်သွင်းခဲ့ပါသည်။

၄။      လူ့အခွင့်အရေးမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ကော်မရှင်သည် ဆွီဒင်အခြေစိုက် Raoul Wallenberg Institute (RWI) နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ဘန်ကောက်ရှိ ဒေသဆိုင်ရာရုံး (OHCHR) တို့နှင့် ပူးပေါင်း၍ လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲများ၌ ဆွေးနွေးခဲ့သည့် ဘာသာရပ် များတွင် စီးပွားရေးနှင့် လူ့အခွင့်အရေး၊ လူ့အခွင့်အရေးနှင့် မီဒီယာစသည့် ဘာသာရပ်များ ပါဝင် ပါသည်။ အလုပ်ရုံဆွေးနွေးပွဲများတွင် နိုင်ငံတကာ စီးပွားရေး၊လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေး များဆိုင်ရာ သဘောတူစာချုပ် (ICESCR) နှင့် နိုင်ငံတကာပြည်သူ့အခွင့်အရေးနှင့် နိုင်ငံရေး အခွင့် အရေးများဆိုင်ရာသဘောတူစာချုပ် (ICCPR) တို့နှင့်ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲနှစ်ခု လည်းပါရှိခဲ့ပြီး ယင်းသဘောတူ စာချုပ်နှစ်ရပ်တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်လာသည့်အချိန်တွင် အဆိုပါစာချုပ်များကို အကောင် အထည်ဖော်ရာ၌ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာရှိများ အနေဖြင့် ၎င်းတို့၏ အခန်းကဏ္ဍကို ဆောင်ရွက်နိုင်ကြစေရန် အထူးရည်ရွယ်၍ ယင်းအလုပ်ရုံ ဆွေးနွေးပွဲနှစ်ရပ်ကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အထူးအလေးပေးဖော်ပြလိုသည်မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ဘန်ကောက် အခြေစိုက်ရုံးနှင့် ပူးပေါင်း၍ နေပြည်တော်၌ ကျင်းပခဲ့သည့် Universal Periodic Review(UPR) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲတွင်လွှတ်တော်ကိုယ်စား လှယ်များ၊ အစိုးရအရာထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် ကော်မရှင်အဖွဲ့ဝင် များ တက်ကြွစွာပါဝင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ UPRလုပ်ငန်းစဉ်နှင့် ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ မြန်မာနိုင်ငံကတင်သွင်းမည့် UPR အစီရင်ခံစာကို ပြုစု ပြင်ဆင်ရာတွင် အထောက်အကူ ဖြစ်စေပါမည်။

၅။      ကော်မရှင်သည် ၎င်း၏ လူ့အခွင့်အရေးမြှင့်တင်မှုလုပ်ငန်းအဖြစ် ရန်ကုန်မြို့နှင့် မန္တလေးမြို့ များတွင် ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီး၏ ဘန်ကောက် အခြေစိုက်ရုံးက စီစဉ် ကျင်းပသည့်အလုပ်ရုံဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်ခဲ့ပါသည်။ ထို့ပြင် ကော်မရှင်သည် အရပ် ဖက်အဖွဲ့အစည်းကိုယ်စားလှယ်များကို ကော်မရှင်သို့ ဖိတ်ကြားကာ ကော်မရှင်အဖွဲ့ဝင်များ၏ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရာမှ ရရှိသည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားခြင်းနှင့် ပြည်ထောင်စု လွှတ်တော်မှအတည်ပြုရန်ရှိသည့် ကော်မရှင်၏ဥပဒေမူကြမ်းနှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်း များ၏ သဘောထားအမြင်များကို ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အရပ်ဖက်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုသည် ကော်မရှင်၏ အနာဂတ် လုပ်ငန်းများတွင် ဦးစားပေးနယ်ပယ် တစ်ရပ်အဖြစ် ဆက်လက်အရေးပါနေမည်ဖြစ်ပါသည်။

၆။      လူ့အခွင့်အရေးကာကွယ်မှုနှင့်ပတ်သက်၍ ၂၀၁၃ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ အောက်တိုဘာ လ ၃၁ ရက်နေ့အထိ တိုင်ကြားစာပေါင်း ၁၅၉၉ မှုကို ကော်မရှင်ကလက်ခံ ရရှိခဲ့ပြီး တိုင်ကြားစာ ၁၂၀၆ မှုကိုစဉ်းစားစိစစ်ပြီး လိုအပ်သောအရေးယူဆောင်ရွက်မှုများနှင့် ဖြေရှင်းမှုများ ပြုလုပ်နိုင် ရေးအတွက် သက်ဆိုင်ရာတိုင်ကြားစာများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးထံသို့ ဆက်လက်ပေးပို့ခဲ့ ပါသည်။ တိုင်ကြားစာများကို ဆက်လက်ရရှိနေဆဲဖြစ်ပြီး ကော်မရှင်အနေဖြင့် အစိုးရအဖွဲ့ သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားသကဲ့သို့ ရရှိသောတုန့်ပြန်မှုများ အရ တိုင်ကြား စာများစိစစ်သည့်စနစ် တစ်ရပ်လုံးအား ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုလုပ် သွားရန် များစွာလိုအပ်နေသေးကြောင်း တွေ့ရှိရပါသည်။ ကော်မရှင်အနေဖြင့် သက်ဆိုင်သူများအကြား ပိုမို၍တက်ကြွစွာ ညှိနှိုင်းဆောင်ရွက်ပေးခြင်းနှင့် ဖောက်ဖျက်ကျူးလွန်မှုဖြစ်ပွားရာ ဒေသများသို့ ပို၍သွားရောက် စုံစမ်း စစ်ဆေးခြင်းစသည့် ထိရောက်သော ဆောင်ရွက်မှုများကို ပြုလုပ် သွားရန် စီမံလျက် ရှိပါသည်။

၇။      ကော်မရှင်အဖွဲ့ဝင်များသည် လူ့အခွင့်အရေးနှင့်ပတ်သက်သော ဒေသဆိုင်ရာ အစည်းအဝေး များတွင် တက်ကြွစွာ ပါဝင်တက်ရောက်ခြင်း၊ အရှေ့တောင်အာရှ လူ့အခွင့်အရေးအဖွဲ့အစည်းများ ဆိုင်ရာဖိုရမ် (SEANF) နှင့် အာရှ-ပစိဖိတ်ဖိုရမ် (APF) ကဲ့သို့ ဒေသအဆင့် လူ့အခွင့်အရေး အဖွဲ့ အစည်းများနှင့် ထိတွေ့ ဆက်ဆံခြင်းအားဖြင့် ဒေသအဆင့်၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ပူးပေါင်းဆောင်ရွက်မှုသည် လွန်ခဲ့သည့် နှစ်ကကဲ့သို့ပင် ခိုင်မာအားကောင်း လျက်ရှိပါ သည်။ အာရှ-ပစိဖိတ်ဖိုရမ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကော်မရှင်သည် ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အတွက် လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲချမှတ် ခဲ့ပြီးဖြစ်ပါသည်။ ဤမဟာဗျူဟာအရ နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့်တို့တွင် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို စီမံထားပါသည်။

၈။      ယနေ့လူ့အခွင့်အရေးနေ့တွင်ကော်မရှင်သည် ၎င်း၏လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေး လုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ရာ၌ မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ အပြည့်အဝပူးပေါင်းဆောင်ရွက်မှုကို ရရှိမည်ဟု ပြင်းပြစွာမျှော်လင့်ပါသည်။ ယင်းပူးပေါင်း ဆောင်ရွက်မှုကိုမရရှိပါက လူ့အခွင့်အရေးကို လေးစားလိုက်နာသည့်၊ မြှင့်တင်သည့်၊ ကာကွယ်ဖြည့်ဆည်းပေးသည့် မြန်မာ့လူ့အဖွဲ့အစည်းတစ်ရပ်သည် ပေါ်ပေါက်လာနိုင် မည်မဟုတ်ပေ။

 

 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်