အင်းစိန်အကျဉ်းထောင်နှင့် လှေလှော်အင်း ရဲဘက်စခန်းတို့သို့ သွားရောက်ခဲ့ခြင်း နှင့်စပ်လျဉ်းသည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်

၁။    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌခေါင်းဆောင်ပြီး စုစုပေါင်း(၈)ဦး ပါကိုယ်စားလှယ်အဖွဲ့သည် ၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်နေ့တွင် အင်းစိန်အကျဉ်းထောင် သို့လည်းကောင်း၊ ၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် လှည်းကူးမြို့့နယ်ရှိ လှေလှော်အင်း ရဲဘက်စခန်းသို့ လည်းကောင်း သွားရောက်ခဲ့သည်။ အစောပိုင်းကလည်း အဖွဲ့ဝင်(၄)ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် မြစ်ကြီးနားအကျဉ်းထောင်သို့ ၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာ ၉ရက်နေ့တွင် သွားရောက်ခဲ့သည်။ ယင်းကဲ့သို့ သွားရောက်ခြင်းဖြင့် အကျဉ်းသားများ၏နေ့စဉ်နေထိုင်စား သောက်မှုနှင့် ပြစ်ဒဏ်အသီးသီးကျခံနေသည့် အကျဉ်းသားများ၏ အခြေအနေကို မျက်မြင်ကိုယ် တွေ့သိရှိလေ့လာခွင့်ရရှိခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ အပြည့်အဝပူးပေါင်းဆောင်ရွက်ပေး သော အကျဉ်းထောင်မှတာဝန်ရှိပုဂ္ဂိုလ်များကို ကော်မရှင်အနေဖြင့် ကျေဇူးတင်ရှိပါသည်။
၂။    အင်းစိန်အကျဉ်းထောင်နှင့် လှေလှော်အင်းရဲဘက်စခန်းတို့သို့ သွားရောက်စဉ် အကျဉ်းထောင်အရာထမ်းများက အကျဉ်းထောင်စီမံခန့်ခွဲမှုသည် မြန်မာနိုင်ငံအကျဉ်းထောင်လက်စွဲနှင့် အကျဉ်းသားများအား ပြုစုစောင့်ရှောက်မှုဆိုင်ရာ ကုလသမဂ္ဂ၏အနိမ့်ဆုံးစံနှုန်းများကို အခြေခံ ထားခြင်းဖြစ်ကြောင်း ကိုယ်စားလှယ် အဖွဲ့ကိုရှင်းပြခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အကျဉ်းထောင်တွင် အကျဉ်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ အနားယူမှု၊ နေ့စဉ်အစားအစာကျွေးမွေးမှု၊ ဘာသာစကားနှင့်ကွန်ပျူတာသင်တန်း၊ ကျောင်းပညာရေးသင်ကြားမှုနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များ စသည်တို့ ဆောင်ရွက်ပေးလျက်ရှိကြောင်းကို လေ့လာတွေ့ရှိခဲ့ ရသည်။
၃။    အကျဉ်းထောင်တွင်း၌ မကြာသေးမီက အစာငတ်ခံဆန္ဒပြခဲ့ကြသော အကျဉ်းသားများ ကို ” ခွေးတိုက်” ၌ထားကြောင်း၊ နှိပ်စက်မှုပြုကြောင်း၊ သောက်ရေကို ပင်မပေးကြောင်းဖြင့် နိုင်ငံ တကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ စွပ်စွဲချက်များကို ကော်မရှင်တွင်လက်ခံရရှိခဲ့ပါသည်။
၄။သို့ဖြစ်ရာ အကျဉ်းထောင်သို့သွားရောက်စဉ်တွင် မကြာသေးမီက အစာငတ်ခံဆန္ဒပြခဲ့ သောအကျဉ်းသားများအနက် (၃)ဦးကို ကိုယ်စားလှယ်အဖွဲ့က  တွေ့ဆုံမေးမြန်းခဲ့သည်။
၅။    တွေ့ဆုံမေးမြန်းခဲ့သော အကျဉ်းသားအားလုံးက ၎င်းတို့အား သောက်ရေမပေးဟုဆို ခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် ဆန္ဒပြနေစဉ်နှင့် ဆန္ဒပြပြီး ကာလနှစ်ရပ်စလုံးတွင် ဆေးဝါးပြုစုစောင့်ရှောက်မှုကို စီစဉ်ပေးကြောင်းပြောကြားသည်။ ထို့ပြင် ” ခွေးတိုက်” ၌ထားသည်ဆိုခြင်းမှာ လည်းမဟုတ်မှန် ကြောင်းတွေ့ရှိရသည်။ အစာငတ်ခံဆန္ဒပြသူတစ်ယောက်စီကို သန့်ရှင်း၍လေ ဝင်လေထွက်ကောင်းသော (၁ဝ)ပေx(၂၂)ပေကျယ်ဝန်းသည့် အကျဉ်းခန်း အသီးသီးတွင် ထားရှိ ပါသည်။
၆။လှေလှော်အင်းရဲဘက်စခန်းသို့သွားရောက်စဉ်တွင် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် စခန်း၌ ဆောင်ရွက်ပေးထားမှုများကို လေ့လာ၍ ရဲဘက်အချို့ကိုတွေ့ဆုံ မေးမြန်းခဲ့သည်။ အဆိုပါရဲဘက်များက ၎င်းတို့၏အမြင်နှင့် စိုးရိမ်ပူပန်မှုတို့ကို ပွင့်လင်းစွာပြောကြားကြသည်။ ရဲဘက်စခန်းမှ တာဝန်ရှိသူများကလည်း ရဲဘက်များ၏တင်ပြချက်များကိုဆောင်ရွက်ပေးနိုင်ရန်အတွက် မှတ်သားခဲ့ကြပါသည်။
၇။အကျဉ်းထောင်နှင့် ရဲဘက်စခန်းတို့သို့ သွားရောက်လေ့လာမှုနှင့် တွေ့ဆုံမေးမြန်းမှုများကိုအခြေခံကာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် သည် အောက်ပါအတိုင်း သုံးသပ်အကြံပြုအပ်ပါသည်-
–    အင်းစိန်အကျဉ်းထောင်၌ထားရှိသည့် အကျဉ်းသားအရေအတွက်သည်အများ            ဆုံးထားရှိနိုင်သည့် အရေအတွက်ထက် များစွာကျော်လွန်လျက် ရှိပါသည်။             အကျဉ်းထောင်အတွင်း ကျပ်တည်းစွာနေထိုင်ရမှုသည် အကျဉ်းသားများ  အဆင်မပြေမှုများ၏ အခြေခံအကြောင် တရားများဖြစ်သဖြင့် အဆိုပါ အခြေအနေကို အချိန်မီအရေးယူဆောင်ရွက်သင့်ပါသည်။
–    တရားစခန်းများဖွင့်လှစ်ပေးထားခြင်းသည် ရေရှည်တွင်အကျဉ်းသားများ၏ စိတ်အခြေအနေကိုသိမ်မွေ့စေနိုင်သည်ဟု ကော်မရှင်အနေဖြင့် ရှုမြင် ပါသည်။   အဆိုပါအစီအစဉ်ကို ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း အလေးအနက်  အကြံပြုအပ်ပါသည်။
–    ပရိုတတ်စတင့် ခရစ်ယာန်ဘာသာဝင်များအတွက် ကျမ်းစာလေ့လာမှု၊ ကက်သလစ်ဘာသာဝင်များအတွက် အာပတ်ဖြေမှုနှင့် ကိုယ်တော်မြတ် ပင့်ယူနိုင်ရေးတို့ အတွက်လည်းကောင်း၊ မွတ်ဆလင်ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင် များအတွက် ဘာသာရေး အစီအစဉ်များကို လည်းကောင်း သင့်လျော် သကဲ့သို့ဆောင်ရွက်ပေးသင့်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ အကျဉ်းထောင်ဝင်းတွင်း၌ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရား ကျောင်း နှင့် ဗုဒ္ဓဘာသာ ဓမ္မာရုံတို့ကိုတွေ့ရှိရသဖြင့် ကော်မရှင်အနေဖြင့် ဝမ်းမြောက်မိပါသည်။
၈။    တွေ့ဆုံမေးမြန်းခဲ့သော အကျဉ်းသားများအနေဖြင့် နိုင်ငံတော်သမ္မတက ထပ်မံ၍လွတ်     ငြိမ်းချမ်းသာခွင့်ပေးလိမ့်မည်ဟု စိတ်အားထက်သန်စွာ မျှော်လင့်နေကြကြောင်းဖြင့် ထုတ်ဖော်ပြောကြားကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ ကော်မရှင်သည် ကျန်ရှိနေသောအကျဉ်းသားများ အနက် နိုင်ငံတော်တည်ငြိမ်ရေးနှင့် အများပြည်သူအေးချမ်းသာယာရေးကိုထိပါးခြင်းမရှိနိုင်သည့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါရန် ၂ဝ၁၁ခုနှစ်၊ နိုဝင်ဘာလ ၁၂ရက်နေ့က နိုင်ငံတော်သမ္မတထံ တင်ပြမေတ္တာရပ်ခံခဲ့ပါသည်။ အဆိုပါမေတ္တာရပ်ခံချက်ကို ကော်မရှင်က လေးနက်စွာ ထပ်လောင်း တင်ပြအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာ ၃ဝရက်
ရန်ကုန်မြို့