မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် လူ့အခွင့်အရေးအသိပညာပေးသူများ ကွန်ရက်တို့မှ အဖွဲ့ဝင်များသည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေးဆိုင်ရာအသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကိုမှန်ကန်စွာသိရှိပြီး လေးစားလိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးအသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၈ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်း မြို့နယ်အတွင်းရှိ ထိပ်ဝကြီးကျေးရွာ၊ ကွမ်းသီးပင်ကျေးရွာ၊ ရန်ကင်းစံရာကျေးရွာနှင့် ဇီးဖြူကျွန်း ကျေးရွာများသို့ သွားရောက်၍ လူ့အခွင့်အရေးအသိပညာပေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ ပါသည်။
ရှေးဦးစွာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ထိပ်ဝကြီးကျေးရွာ ရှမ်းစု ရွှေဟင်္သာသာသနာ့ဗိမာန် တွင် လူ့အခွင့်အရေးဆိုင်ရာသိကောင်းစရာများ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ထိပ်ဝကြီးကျေးရွာမှ ရွာသူရွာသားများနှင့် နီးစပ်ရာကျေးရွာများမှ ရွာသူရွာသားများ တက်ရောက် ခဲ့ကြရာ စုစုပေါင်း(၁၂၅) ဦးစိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။
အလားတူ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၂၇ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကွမ်းသီးပင်ကျေးရွာ၊ ရွှေဘုံသာကျောင်းတိုက် တွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကွမ်းသီးပင်ကျေးရွာမှ ရွာသူရွာသားများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၁၃၈) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။
ယင်းနောက် ကွမ်းသီးပင် ကျေးရွာမှ ဆိုင်ကယ်ဖြင့် ရန်ကင်းစံရာကျေးရွာသို့ သွားရောက်ခဲ့ပြီး နေ့လယ် (၁၄:၀၀) နာရီ အချိန်တွင် ရန်ကင်းစံရာ မဟာအောင်မြေကျောင်း တိုက်တွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်း စရာများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ရန်ကင်းစံရာ ကျေးရွာမှ ရွာသူရွာသားများ နှင့် နီးစပ်ရာ ကျေးရွာများမှ ရွာသူ ရွာသားများ တက်ရောက်ခဲ့ကြရာ စုစုပေါင်း (၁၂၇) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာ သီရိမင်္ဂလာကျောင်းတိုက်တွင် လူ့အခွင့် အရေး ဆိုင်ရာသိကောင်းစရာများ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဇီးဖြူကျွန်း ကျေးရွာ မှ ရွာသူရွာသားများနှင့် နီးစပ်ရာကျေးရွာများမှ ရွာသူရွာသားများ တက်ရောက်ခဲ့ကြရာ စုစုပေါင်း (၁၀၃)ဦးစိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံအယူအဆနှင့် အခြေခံအချက်များကိုလည်းကောင်း၊ လူ့အခွင့်အရေး အသိပညာပေးကွန်ရက် အဖွဲ့ဝင် ဒေါ်သန်းသန်းဌေးမှ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းသမိုင်းကြောင်းကိုလည်းကောင်း၊ လူ့အခွင့်အရေးအသိပညာပေးကွန်ရက်အဖွဲ့ဝင် ဒေါ်ဆုရတီ မှလည်း ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ်ပေါင်း (၃၀) အနက်မှ ရွာသူရွာသားများမှ ရွေးချယ်ပေးသော အပိုဒ်အချို့ကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာ စာချုပ်များ အကြောင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကို ဒေါ်အေးစန္ဒာမြင့်နှင် ဒေါ်ဖြိုးသီရိဗိုလ် တို့မှလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ရွာသူ ရွာသားများမှလည်း ယခုကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ်ပေးသောကြောင့် အကျိုးကျေးဇူးများစွာ ရရှိပါကြောင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ယခင်ကထက် ပိုမိုသိရှိလာကြောင်းနှင့် ယခုကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ်ပေးသောကြောင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးကို လေးစား ရန်နှင့် မှန်ကန်စွာသိရှိနားလည်စေရန် ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဆွေးနွေး ဟောပြောပွဲများကို ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဇော်လွင်ထူးမှ ပြောကြားခဲ့ပါသည်။




