တိုင်ကြားနိုင်ပါသည်

၁။      နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ဖောက်ဖျက်ခံရခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးများ ဖောက်ဖျက်ခံရခြင်း၊ နိုင်ငံတော်က လက်ခံထားသည့် လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများ ပါရှိသည့် လူ့အခွင့်အရေးများကို ဖောက်ဖျက်ခံရခြင်းများ ရှိခဲ့ပါက ကိုယ်တိုင် အတွက် သော်လည်းကောင်း၊ အခြားသူတစ်ဦးအတွက် သော်လည်းကောင်း၊ လူတစ်စုကို ကိုယ်စား ပြု၍ သော်လည်းကောင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ အမှတ် (၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ လိပ်မူ၍ မှတ်ပုံတင် စာဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အောက်ပါ အချက်အလက်များ ပြည့်စုံစွာ ဖော်ပြ၍ တိုင်ကြား ခြင်းများ ပြုလုပ်နိုင်ပါသည်‑

(က)    တိုင်တန်းသူ၏ အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ၊ (ဆက်သွယ်ရန် ဖုန်း/လက်ကိုင်ဖုန်း၊ ဖက်စ်နှင့် e‑mail တို့ရှိလျှင် ထည့်သွင်းဖော်ပြရန်)

(ခ)     တိုင်တန်းသူသည် မည်ကဲ့သို့ မူလအခွင့်အရေး ဖောက်ဖျက်ခံရကြောင်း အချက်အလက် များဖြင့် အမှုနှင့်သက်ဆိုင်သော အထောက်အထားများ ပူးတွဲလျက် ပြည့်စုံစွာဖော်ပြရန်၊

(ဂ)     တိုင်တန်းဖော်ပြချက်သည် မှန်ကန်စွာ ရေးသားဖော်ပြခြင်း ဖြစ်ကြောင်း ဝန်ခံချက် လက်မှတ်ရေးထိုးရန်၊

(ဃ)    တိုင်တန်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ။

၂။     မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် တိုင်တန်းချက်များကို စိစစ်ရာတွင် လိုအပ်ပါက တိုင်တန်းသူအား ခေါ်ယူတွေ့ဆုံမေးမြန်းပါမည်။

၃။     ထို့ပြင် တိုင်တန်းသူများ လက်တုန့်ပြန်မှု မခံရစေရေးအတွက် ကော်မရှင် ဥပဒေပုဒ်မ ၃၈ အရ အကာအကွယ်ပေးမည်  ဖြစ်ပါမည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ပိုစတာပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ရန် ပြိုင်ပွဲဝင်များအား ဖိတ်ခေါ်ခြင်း

    ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ပိုစတာပြိုင်ပွဲ ကို ပြိုင်ပွဲခေါင်းစဉ် “လူ့အခွင့်အရေး ရပ်တည်ပေး” (Stand Up for Human Rights)အောက်မှ ပါဝင် ယှဉ်ပြိုင်နိုင်ပါသည်။ ပန်းချီနှင့် Graphic Design များဖြင့် ၁၅-၁၁-၂၀၁၈ ရက်နေ့ နောက်ဆုံးထား၍ ​ပေးပို့ယှဉ်ပြိုင်နိုင်ပြီး ရွေးချယ်ရေးအဖွဲ့မှ စိစစ်ရွေးချယ်ကာ ဆုများချီးမြှင့်သွား မည်ဖြစ်ပါ သည်။ ပြိုင်ပွဲဝင်စည်းကမ်းများနှင့် အသေးစိတ် အချက်အလက်များကို သိရှိလိုပါက လက်ထောက် ညွှန်ကြားရေးမှူး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာန၊ မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင်ရုံးဖုန်း ၀၁-၆၅၄၆၇၈ သို့ ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ပါသည်။

 

                     ပြိုင်ပွဲကျင်းပရေး၊ မှတ်တမ်းနှင့်သတင်းထုတ်ပြန်ရေးဆပ်ကော်မတီ

                                                                        မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ စွမ်းဆောင်ရည်မြှင့်တင်ရေးရှင်းလင်းပွဲကျင်းပခြင်း

 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP),ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးရုံး (OHCHR), အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (APF)တို့နှင့် ပူးပေါင်း၍ ကော်မရှင်၏ စွမ်းဆောင်ရည်မြှင့်တင်ရေးကိုဆောင်ရွက်မည်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် APF က ကော်မရှင်၏ လက်ရှိစွမ်းဆောင်ရည်ကိုသုံးသပ်ပြီးနောက် စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အကြံပြုမည်ဖြစ်သည်။ သို့ဖြစ်ရာAPF ၏အကြီးတန်းသံတမန်ဖြစ်သည့်ယခင် နယူးဇီလန်လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌMs. Rosslyn Joy Noonan က၎င်းအနေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းရပ်များရှင်းလင်းပွဲကို ၁၇-၁၀-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိအင်းယားလိပ်ဟိုတယ်၌ ကျင်းပ ခဲ့သည်။ အဆိုပါရှင်းလင်းပွဲသို့ကုလသမဂ္ဂနှင့် အာရှဖွံ့ဖြိုးရေးဘဏ် အပါအဝင် အခြားနိုင်ငံတကာအဖွဲ့အစည်းများ၊ ဥရောပသမဂ္ဂ နှင့် မြန်မာနိုင်ငံ၏ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်နိုင်ငံများဖြစ်ကြသည့် ကနေဒါ၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဂျပန်၊ နော်ဝေ၊ သြစတြေးလျ၊ အီတလီ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုသံရုံးတို့မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များတက်ရောက်ကြသည်။

          ရှင်းလင်းပွဲ၌ကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြ နှင့် UNDP ဌာနေ ညွှန်ကြားရေးမှူး Mr. Peter Batchelorတို့ကနှုတ်ခွန်းဆက် စကားပြောကြားပြီးနောက် Ms. Rosslyn Joy Noonan က ၎င်းဆောင်ရွက်မည့်ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ Ms. Noonan က ပြောကြားရာတွင်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းသည် လွတ်လပ်သောနိုင်ငံတော်အဖွဲ့အစည်းဖြစ်ကြောင်း၊ လူ့အခွင့်အရေးကော်မရှင်များသည် ပြည်တွင်း၌ဆောင်ရွက်ရသည်သာမကပြည်ပနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လည်း ဆက်ဆံဆောင်ရွက်ရသောအဖွဲ့အစည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကကော်မရှင်၏ စွမ်းဆောင် ရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်ရန် ၎င်းအားဖိတ်ကြားပါကြောင်း၊ ၎င်းအနေဖြင့် ဆောင်ရွက်ရာတွင်(၁)ကော်မရှင်တွင် လက်ရှိအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်မှုများ၊ (၂) ပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်ရန် လိုအပ်ချက်များနှင့်(၃) စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန် ဆောင်ရွက်နိုင်မည့်နည်းလမ်းများစသည်တို့ကိုသုံးသပ်၍အကြံပြုမည်ဖြစ်ကြောင်း၊လေ့လာသုံးသပ်ရာတွင် ဥပဒေ မူဘောင်ကိစ္စရပ်များ၊ ဦးဆောင်မှု၊ စီမံခန့်ခွဲမှုနှင့် အဖွဲ့အစည်းပိုင်းဆိုင်ရာကိစ္စရပ်များ၊ မဟာဗျူဟာစီမံချက်ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းကိစ္စရပ်များ၊ စုံစမ်းစစ်ဆေးခြင်း၊ တိုင်တန်းချက်များလက်ခံခြင်း၊ သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း ကိစ္စရပ်များ၊ ပညာပေးပြန့်ပွားရေးကိစ္စရပ်များ၊ အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်စီးပွားရေးလုပ်ငန်းများနှင့် ထိတွေ့ဆောင်ရွက်မှု ကိစ္စရပ်များ၊ စောင့်ကြည့်လေ့လာသုံးသပ်ခြင်းကိစ္စရပ်များစသည်တို့ ပါဝင်မည်ဖြစ်ပါကြောင်းပြောကြားသည်။

          ထို့နောက် ရှင်းလင်းပွဲတက်ရောက်လာကြသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရေးမိတ်ဖက်နိုင်ငံသံရုံးများမှ ကိုယ်စားလှယ်များကသိရှိလိုသည်များကိုမေးမြန်းကြရာAPF ၏အကြီးတန်းသံတမန်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် ဥက္ကဋ္ဌနှင့် UNDP ဌာနေညွှန်ကြားရေးမှူးတို့ကပြန်လည်ဖြေကြားကြသည်။

ပြစ်ဒဏ်ကျခံနေရသည့် ကလေးသူငယ်များအား ထိန်းသိမ်းစောင့်ရှောက်သည့် သင်တန်းကျောင်းများသို့ သွားရောက်စစ်ဆေးခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင် ဥပဒေ ပုဒ်မ၊ ၂၂ (ဂ) နှင့် ပုဒ်မ ၄၃ တို့ပါ ပြဋ္ဌာန်းချက် များနှင့် အညီ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများသို့ သွားရောက်စစ်ဆေး၍ အကြံပြုတိုက်တွန်းချက်များကို သက်ဆိုင်ရာ အစိုးရအဖွဲ့ အစည်းအသီးသီး သို့ ပေးပို့ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

၂။      ပြစ်ဒဏ်ကျခံနေရသည့် ကလေးသူငယ်များအနေဖြင့် ယင်းတို့၏ အခြေခံ ကလေးသူငယ် အခွင့် အရေးများ ဆုံးရှုံးမှု မရှိ စေရေးအတွက် ၂၀၁၈ ခုနှစ် ဧပြီလနှင့် မေလအတွင်း ငှက်အော်စမ်း လူငယ် သင်တန်းကျောင်း၊ သန်လျင်လူငယ်သင်တန်း ကျောင်းနှင့် အမျိုးသမီး အသက်မွေးပညာ သင်ကျောင်းများသို့ သွားရောက်စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းအသီးသီးသို့ အကြံပြု တိုက်တွန်းချက်များ ပေးပို့ဆောင်ရွက်ခဲ့ပါသည်။

၃။      အဆိုပါ အကြံပြုတိုက်တွန်းချက်များနှင့် စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများကို ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သည့် ကော်မရှင် အဖွဲ့က ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် သန်လျင် လူငယ်သင်တန်းကျောင်းနှင့် အမျိုးသက်မွေးပညာ သင်ကျောင်း သို့လည်းကောင်း၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ငှက်အော်စမ်း လူငယ် သင်တန်းကျောင်းသို့ လည်းကောင်း၊ သွားရောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေး တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ အကြံပြု တိုက်တွန်းချက် များကို သက်ဆိုင်ရာ ဌာနအသီးသီးသို့ ဆက်လက်ပေးပို့ သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က မန္တလေးတိုင်းဒေသကြီးရှိ မြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

   မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေ ရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိပြီး လေးစားလိုက်နာ ကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်း စရာ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး ဦးဆောင်သော အဖွဲ့သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း နှင့် မိုးကုတ်မြို့များသို့  သွားရောက်၍ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ များ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ရှေးဦးစွာ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ ဘုရင့်နောင်ခန်းမတွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဦးဇော်လွင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂) ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ နိုင်ငံရေးပါတီဝင်များ၊မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း(၃၈၈) ဦး စိတ်ပါဝင်စားစွာ တတ်ရောက်ခဲ့ပါသည်။

          အလားတူ လူ့အခွင့်အရေး အကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို မန္တလေး တိုင်းဒေသကြီး စဉ့်ကူးမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယင်းနေ့ မွှန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁ ဦး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁ ဦး၊ စဉ့်ကူးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊မြို့မိ/ မြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ အပါအဝင် စုစုပေါင်း (၂၀၈) ဦး တတ်ရောက်ခဲ့ပါသည်။

          ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့ ပါဝင်သော အဖွဲ့သည် အောက်တိုဘာလ ၁၀ ရက်နေ့တွင်သပိတ်ကျင်းမြို့သို့ ဆက်လက် သွားရောက်ပြီး နံနက် ၉:၀၀ နာရီအချိန်တွင် သပိတ်ကျင်းမြို့နယ်ခန်းမ၌ လူ့အခွင့်အရေး အကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာအောင်နိုင် အပါအဝင် နိုင်ငံရေးပါတီများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိ/ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သားများ အပါအဝင် စုစုပေါင်း (၂၀၅) ဦးတတ်ရောက်ခဲ့ကြပါသည်။

          ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး နှင့်အဖွဲ့သည် အောက်တိုဘာလ ၁၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့သို့ ဆက်လက်သွားရောက်ပြီး နံနက် (၉:၀၀) နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြသီတာခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်လင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ နိုင်ငံရေးပါတီများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား ကျောင်းသူများ အပါအဝင် စုစုပေါင်း(၂၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါအခမ်းအနားများတွင် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက လူ့အခွင့်အရေး အခြေခံအယူအဆများနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးဦးဇော်လွင်ထူးက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ အကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။တက်ရောက်လာသူများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြသည့် အနက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး အနေဖြင့် နိုင်ငံရေးပါတီများအတွက် လူ့အခွင့် အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ပေးရန် အစီအစဉ် ရှိမရှိ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးတွင် သုတေသနဌာန ဖွဲ့စည်းရန် အစီအစဉ် ရှိမရှိနှင့် ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်း အပိုဒ် (၁၅)ပါ နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးပါရန် အစရှိသည့် မေးမြန်းမှု များအပေါ် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ပါသည်။ အလားတူ အခြားမြို့နယ်များ တွင်လည်း စိတ်ဝင်စား၍ သိရှိလိုသည်များကိုလည်း တက်ရောက်လာကြသည့် ပရိတ်သတ်များက မေးမြန်းချက်များ ရှိခဲ့ရာ အဖွဲ့ဝင်မှ ပြန်လည် ဖြေကြား ဆွေးနွေးခဲ့ပါသည်။

          မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လူ့အခွင့်အရေးကို လေးစားရန်နှင့် မှန်ကန်စွာသိရှိ နားလည်စေရန် ရည်ရွယ်၍လူ့အခွင့်အရေးဆိုင်ရာသိကောင်းစရာ ဆွေးနွေးဟောပြောပွဲများကိုဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၏ နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးကျင်းပခြင်း

   ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း ၏နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးအား ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊(အင်္ဂါနေ့)၊ နံနက်၁၀:၀၀နာရီအချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုကော်မတီအဖွဲ့ ခေါင်းဆောင် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က ယခင်လုပ်ငန်း ကော်မတီအစည်းအဝေး (၂ /၂၀၁၈) ၏ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ထားရှိမှုအား တင်ပြခဲ့ပါသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက အခမ်းအနားကျင်းပနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခြင်း၊ လုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက် (၂/၂၀၁၈)အပေါ် ဆပ်ကော်မတီအသီးသီး အလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုအလှည့်ကျရှင်းလင်း တင်ပြခဲ့ကြ ပါသည်။

DSC05122 DSC05123 DSC05153 DSC05130 DSC05144

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၏ နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၂/၂၀၁၈) အစည်းအဝေးကျင်းပခြင်း

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း ၏နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၂/၂၀၁၈)အား ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊(သောကြာနေ့)၊ နေ့လယ် ၁၄:၀၀နာရီအချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုကော်မတီအဖွဲ့ခေါင်းဆောင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က ယခင်လုပ်ငန်း ကော်မတီအစည်းအဝေး (၁/၂၀၁၈) ၏ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆောင်ရွက် ထားရှိမှုအား တင်ပြခဲ့ပါသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက အခမ်းအနား ကျင်းပနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးခြင်း၊ ယခင်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့်  တိုးတက်မှုအခြေအနေများ ကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

 

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်း ကော်မတီ အစည်းအဝေး ကျင်းပခြင်း

၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထွက်ပေါ်လာသည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းသည် ၂၀၁၈ ခုနှစ်တွင် နှစ် ၇၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါ ကြေညာ စာတမ်း ၏နှစ် (၇၀) ပြည့် အခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ကော်မတီ အစည်းအဝေးကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ကျင်းပခဲ့ရာ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင်၊ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က ယခင်ဆောင်ရွက်ခဲ့သည့် လူ့အခွင့်အရေး အခမ်းအနား များနှင့် စပ်လျဉ်း၍ တင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်သူများက အခမ်းအနား ကျင်းပနိုင်ရေး ကိစ္စရပ်များနှင့် တင်ပြဆွေးနွေးခြင်း၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။