မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့မှ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားများကို ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိမှော်ဘီမြို့၊ တိုက်ကြီးမြို့၊ နှင့် လှည်းကူးမြို့များတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကော်မရှင်အဖွဲ့သည် ဇူလိုင် ၂၅ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုက်ကြီးမြို့၊ ဂျိုးဖြူခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးဆောင်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း အသီးသီးမှပုဂ္ဂိုလ်များနှင့် ပြည်သူ လူထုများ စုစုပေါင်းအင်အား (၂၂၂) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပြီး၊ အလားတူ ရှင်းလင်းဆွေးနွေးပွဲကို မှော်ဘီမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆက်လက် ကျင်းပခဲ့ရာ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း အသီးသီးမှပုဂ္ဂိုလ်များနှင့် ပြည်သူ လူထုများ စုစုပေါင်းအင်အား (၂၀၀) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။
အလားတူ ရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင် ၂၆ ရက်နေ့ လှည်းကူးမြို့ မြို့မစျေးမင်္ဂလာခန်းမ၌ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်း အင်အား (၃၅၅) ဦး စိတ်ပါဝင်စားစွာ တက်ရောက် ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံအယူအဆများနှင့်သိကောင်းစရာများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး ကကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းနှင့် ဒုတိယညွှန်ကြားရေးမှူးဦးဇော်လွင်ထူးက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ အကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြပါသည်။