၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (င) နှင့် ပုဒ်မ (၄၃) တို့အရ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်းများကို လုပ်ငန်း အစီအစဉ်များ ချမှတ်၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်ဦးစီးသည့် ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ဧပြီလ ၂ရက်၊ ၃ ရက်နှင့် ၃၀ ရက်နေ့များတွင် ငှက်အော်စမ်း လူငယ် သင်တန်းကျောင်းသို့ လည်းကောင်း၊ မေလ ၉ ရက်နေ့တွင် သန်လျင် လူငယ်သင်တန်းကျောင်းသို့ လည်းကောင်း၊ မေလ ၁၅ ရက်နေ့တွင် အမျိုးသမီးသက်မွေးပညာသင်ကျောင်း (နက်မောက် လမ်းသွယ်) သို့ လည်းကောင်း သွားရောက်၍ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူ ကလေးသူငယ် များနှင့် စပ်လျဉ်းပြီး ကလေးသူငယ်အခွင့်အရေးများနှင့်အညီ ဖမ်းဆီးချုပ်နှောင်ခံရစဉ် ထိန်းသိမ်း ထား ရှိမှု အခြေအနေ၊ ခုခံချေပရန် ရှေ့နေရရှိခြင်း ရှိ/မရှိ၊ အမှုရင်ဆိုင်ဆဲကာလ ကြန့်ကြာနေရခြင်း ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ကြည့်ရှု စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ ငှက်အော်စမ်း လူငယ် သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ်အတွင်း မြန်မာနိုင်ငံ စိတ်ပညာ အသင်းမှ စိတ်ပညာရှင် နှစ်ဦး လိုက်ပါ၍ ကလေးသူငယ်များ၏ ပြစ်မှု ကျူးလွန်ခြင်းနှင့် စပ်လျဉ်း၍ စိတ်နှင့် ခံစားမှုများ ဆန်းစစ်ခြင်း၊ စာရိတ္တပြုပြင်တိုးတက်မှုများ ဆန်းစစ်လေ့လာခြင်းများကိုပါ ဆောင်ရွက် ခဲ့ပါသည်။
၂။ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစီးသည့် အဖွဲ့သည် အထက်ပါ ရမန်ကလေးများ ထိန်းသိမ်း စောင့်ရှက် သော ကျောင်း (၂) ကျောင်းနှင့် ပြစ်ဒဏ်ကျ ကလေးများ ထိန်းသိမ်းစောင့်ရှောက်သော ကျောင်း (၁) ကျောင်းတို့အား စစ်ဆေးခဲ့ရာ အမှုစစ်ဆေးပြီး၊ အမှုစစ်ဆေးဆဲ ကလေး (၁၀၅) ဦးနှင့် သီးခြား လွတ်လပ်စွာ တွေ့ဆုံမေးမြန်းချက်များ အရ အောက်ပါတို့ကို စစ်ဆေးတွေ့ရှိခဲ့ရပါသည်-
(က) ကလေးသူငယ်ဥပဒေ (၁၉၉၃) ခုနှစ် ၊ ပုဒ်မ ၃၇ နှင့် နည်းဥပဒေ ပုဒ်မ ၅၂ တွင် ရဲအရာရှိသည် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်ကို ဖမ်းဆီး ရာတွင် လိုက်နာရမည့်အချက်များကို ပြဋ္ဌာန်းဖော်ပြထားသော်လည်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက စွပ်စွဲခံရသော ကလေးသူငယ်များအား လူကြီး အကျဉ်းသား များဖြင့် ရောနှောချုပ်နှောင်ခြင်းခံရကြောင်းကို ကလေး (၉၂) ဦးက လည်းကောင်း၊ လက်ဖြင့်ရိုက်နှက်ခြင်း၊ ခြေဖြင့် ကန်ကျောက်ခြင်းများရှိ ကြောင်းကို ကလေး ၁၉ ဦးက လည်းကောင်း ဖြေကြားခဲ့ပါသည်။ အချုပ်ခန်းတွင် ဖမ်းဆီး ချုပ်နှောင်ခံရစဉ် နေ့စဉ် စားသောက်ရေးအတွက် အိမ်မှ လာရောက်ပေးပို့ခြင်း၊ အချို့ကလေးများကို အခြားအချုပ်သားများက ဝေငှ၍ စားသောက်ခဲ့ရခြင်းများ ရှိကြောင်း သိရှိရပါသည်။
(ခ) အမှုရင်ဆိုင်စဉ်ကာလအတွင်း ရှေ့နေလိုက်ပါ ဆောင်ရွက်ခွင့်ရရှိသူ (၄၁) ဦး၊ အစိုးရ ရှေ့နေလိုက်ပါဆောင်ရွက်သူ (၂) ဦးရှိပြီး ကျန်မေးမြန်းခဲ့သူ ကလေးသူငယ်များ အနေဖြင့် ငွေကြေးချို့တဲ့မှု၊ အသိပညာအားနည်းမှုတို့ကြောင့် ရှေ့နေငှားရမ်းနိုင်ခြင်း မရှိဘဲ ခုခံထုချေခွင့် ဆုံးရှံးကြောင်း တွေ့ရှိရပါသည်။
(ဂ) ကလေးသူငယ် အမှု အများစုကို မှန်မှန်နှင့် မြန်မြန် စစ်ဆေးစီရင်မှုများ ဆောင်ရွက် လျက်ရှိကြောင်း တွေ့ရှိရသော်လည်း သန်လျင်လူငယ်သင်တန်းကျောင်း တွင် ရမန် ကလေးသူငယ် (၁၅၁) ဦး ရှိသည့်အနက် ၆ လမှ ၁ နှစ်အထိ ကြာမြင့်နေသူ (၃၃) ဦး၊ ၁ နှစ်မှ ၁ နှစ် ၆ လ အထိ ကြာမြင့်နေသူ (၅) ဦး၊ ၁ နှစ် ၆ လနှင့် အထက် (၆) ဦး ၂ နှစ်အထက် (၁) ဦး ရှိကြောင်း တွေ့ရှိရပါသည်။ ကျန်ကလေးသူငယ်များမှာ ၆ လအောက် အမှု ရင်ဆိုင်ဆဲဖြစ်ပါသည်။
(ဃ) သင်တန်းကျောင်းများအနေဖြင့် လူမှုဝန်ထမ်းနည်းလမ်းများနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိကြောင်းတွေ့ရှိရပြီး ကလေးသူငယ် အများစု ပညာသင်ကြားခွင့်၊ သင့်တင့်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့် နေ့စဉ် အဟာရ မျှတစွာ စားသောက် နေထိုင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
(င) ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အခြေခံပညာ သင်ကြားမှု စုစုပေါင်း (၇၃) ဦး နှင့် ကျောင်းပြင်ပပညာသင်ကြားမှု စုစုပေါင်း (၃၃) ဦး သင်ကြားပေးလျက် ရှိပြီး အသက်မွေးပညာသင်တန်း (၈) မျိုးတွင် သင်တန်းသား (၂၇၆) ဦးအား သင်ကြားပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။ သန်လျင် လူငယ်သင်တန်းကျောင်းတွင်လည်း အခြေခံပညာ (မူ/ လယ်/ ထက်) တက်ရောက်ပညာသင်ယူခွင့်များ ရရှိလျက်ရှိပါသည်။ သင်တန်းကျောင်းတွင်လည်း ကျောင်းပြင်ပပညာရေးနှင့် အ သုံးလုံး သင်တန်းများ သင်ကြားပေးလျက်ရှိကြောင်း သိရှိရပါသည်။ သို့သော် အချို့ရမန်ကလေးများ ပညာသင်ကြားခွင့်မရရှိသေးကြောင်း တွေ့ရှိရပါသည်။
(စ) ကလေးသူငယ်ဥပဒေပုဒ်မ ၄၈ အရ ပြစ်ဒဏ်ကျခံပြီး တစ်နှစ်ပြည့်ချိန်တွင် ကလေးသူငယ်၏ အကျင့်စာရိတ္တအခြေအနေ တိုးတက်ကောင်းမွန်မှုရှိပါက ကလေး သူငယ်အား သက်ဆိုင်ရာ မိဘကလည်းကောင်း၊ အုပ်ထိန်းသူ သို့မဟုတ် ကျောင်းအုပ် က သော်လည်းကောင်း သက်ဆိုင်ရာ တရားရုံးသို့ ပြင်ဆင်မိန့် လျှောက်ထား နိုင်ခွင့်ရှိကြောင်းနှင့် သက်ဆိုင်ရာ တရားရုံးများက ဆောင်ရွက်ပေးလျက်ရှိပြီး ပြစ်ဒဏ်ပြင်ဆင်ချက်အရ ငှက်အော်စမ်းလူငယ်သင်တန်း ကျောင်းအနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ သင်တန်းသား (၂၅) ဦးကို မိဘ အုပ်ထိန်းသူထံသို့ ပြန်လည် အပ်နှံနိုင်ခဲ့ကြောင်း သိရှိရပါသည်။
၃။ အဆိုပါ စစ်ဆေးတွေ့ရှိခဲ့မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးသို့ အောက်ပါအတိုင်း အကြံပြု တိုက်တွန်းချက်များ ပေးပို့ခဲ့ပါသည်-
(က) မြန်မာနိုင်ငံက စာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်သော ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ်၏ အပိုဒ် ၄၀ (ခ၊ ၃) တွင် “တရားဥပဒေနှင့် အညီ အရည်အချင်းပြည့်ဝ၍ ဘက်လိုက်မှု ကင်းသော အာဏာပိုင် သို့မဟုတ် တရားစီရင်ရေးအဖွဲ့က တရားဥပဒေနှင့် အညီ အရည်အချင်းပြည့်၍ လွတ်လပ်ပြီး ဘက်မလိုက်သည့် အာဏာပိုင် သို့မဟုတ် တရားစီရင်ရေး အဖွဲ့က တရားရေးဆိုင်ရာ သို့မဟုတ် အခြားသင့်လျော်သော ကူညီမှုဖြင့် ကလေးသူငယ်၏ ကောင်းကျိုးအတွက် မဟုတ်ဟု ယူဆလျှင်မှ အပ၊ အထူးသဖြင့် သူ၏ သို့မဟုတ် သူမ၏ အသက်အရွယ် သို့မဟုတ် အခြေအနေ၊ သူ ၏ သို့မဟုတ် သူမ၏ မိဘများ သို့မဟုတ် တရားဝင် အုပ်ထိန်းသူများကို ထည့်သွင်းတွက်ချက် စဉ်းစားလျက် တရားမျှတသော ကြားနာ စစ်ဆေးခြင်း ပြုလုပ်၍ အချိန်မဆိုင်းဘဲ ဆုံးဖြတ်ချက် ချမှတ်ပေးရန်၊ တရား မျှတသော ကြားနာစစ်ဆေးခြင်း ပြုလုပ်၍ အချိန်မဆိုင်းဘဲ ဆုံးဖြတ်ချက် ချမှတ် ပေးရန်” ပြဋ္ဌာန်းထားသည့် နည်းတူ ကလေးသူငယ်ဥပဒေ (၁၉၉၃) ခုနှစ် ၏ ပုဒ်မ ၄၂ (င) တွင် ကလေးသူငယ်တရားရုံးသည် ကလေးသူငယ်မှုခင်းကို စစ်ဆေးရာတွင် “နှောင့်နှေးကြန့်ကြာခြင်း မရှိစေဘဲ အမြန်ပြီးပြတ်အောင် စစ်ဆေးစီရင်ရမည်” ဟု ပြဋ္ဌာန်းထားသည့်အတွက် ၁ နှစ် အထက် တရားရင်ဆိုင်နေရသော ကလေး သူငယ် (၁၂) ဦးရှိသဖြင့် အမှုစစ်ဆေးရာတွင် လိုအပ်သည်ထက်ကြန့်ကြာမှုမရှိဘဲ ကလေး သူငယ်၏ အခွင့်အရေးများ နစ်နာမှု မရှိစေရန် အတွက် လိုအပ်သော အရေးယူ ဆောင်ရွက်မှုများ အမြန် ပြုလုပ်ပေးနိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်ချုပ်ထံသို့ မေတ္တာရပ်ခံ တိုက်တွန်း ထားရှိပါသည်။
(ခ) ပြစ်မှုကျူးလွန်ကြောင်းစွပ်စွဲခံရသူ ကလေးသူငယ်များအား သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများ၌ ချုပ်နှောင်ထားရာတွင် ကလေးသူငယ်ဥပဒေပုဒ်မ ၃၇ (ခ) နှင့် (ဂ) တို့အရ လူကြီးများနှင့် ရောနှောချုပ်နှောင်ခြင်းမပြုဘဲ သီးသန့်ထားရှိနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်ပေးရန် နှင့် ကလေးသူငယ်များအား ဖမ်းဆီးချုပ်နှောင်စဉ် ရိုက်နှက် ကန်ကျောက် အစရှိသည့် ညှင်းပန်းမှုများကို ဆောင်ရွက်ခြင်းမရှိစေရန် အတွက် အလေးအနက်ထား၍ ထိန်းသိမ်းစောင့်ရှောက်ရေး လိုအပ်သလို စီမံညွှန်ကြား ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြံပြု တိုက်တွန်း ထားရှိ ပါသည်။
(ဂ) ကလေးသူငယ်များအနေဖြင့် ၎င်းတို့၏ ပြစ်ဒဏ် ပြင်ဆင်ခွင့် အခွင့်အရေးကို ကလေးသူငယ်ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝေးလံ သောဒေသရှိ တရားရုံးများနှင့် သက်ဆိုင်သော ပြင်ဆင်ခွင့်အတွက် သက်သေ ဆင့်ခေါ်ရန် လိုအပ်ပါက ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းများရှိ ကလေး သူငယ်များအတွက် ကော့မှူးမြို့နယ် တရားရုံးသို့လည်းကောင်း၊ မန္တလေး လူငယ် သင်တန်းကျောင်းရှိ ကလေးသူငယ်များအတွက် မန္တလေးမြို့ရှိ ကလေးသူငယ် တရားရုံးသို့လည်းကောင်း အမှုတွဲများ လွှဲပြောင်းပေးပို့ ဆောင်ရွက်သည့် စနစ် ကျင့်သုံးနိုင်ရေးအတွက် တရားစီရင်ရေးစနစ်အတွင်းမှ လိုအပ်သလို စီမံညွှန်ကြား ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အကြံပြုတိုက်တွန်း ထားရှိပါသည်။
(ဃ) ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၂၈ နှင့် ကလေး သူငယ် ဥပဒေပုဒ်မ ၂၀ တို့အရ ကလေးသူငယ်တိုင်းသည် ပညာသင်ကြားခွင့် ရှိသည့်အတွက် တရားရုံးတွင် ရင်ဆိုင်နေရသော ကလေးသူငယ်များ အနေဖြင့် ပညာ သင်ကြားခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသည့် ဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သင့်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန သို့ အကြံပြုတိုက်တွန်းချက် ပေးပို့ထားရှိပါသည်။
(င) သင်တန်းသားများအား လူမှုဆက်ဆံရေးနည်းလမ်းများ၊ စာရိတ္တတိုးတက် ကောင်းမွန်ရေးကို အလေးထား ဆောင်ရွက်ပေးခြင်း၊ အခြေခံပညာနှင့် အသက်မွေး ပညာရပ်များကို ပြင်ပ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စဉ်ဆက် မပြတ် သင်ကြားပေးနိုင်ရေးနှင့် ကလေးသူငယ်အခွင့်အရေး မဆုံးရှုံးရစေရေး ဆောင်ရွက်ရာတွင် အခွင့်အရေး အခြေပြုနည်းလမ်း Right Based အနှစ်သာရများဖြင့် ဆောင်ရွက်သင့်ကြောင်း သုံးသပ် အကြံပြုချက်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန သို့ အကြံပြု ပေးပို့ ထားရှိ ပါသည်။
၄။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ကော်မရှင်ဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့်အညီ ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိရာ ကလေးသူငယ် အခွင်အရေး အကောင်အထည်ဖော်ဆောင်ရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများကိုလည်း အထောက်အကူပြု ဆောင်ရွက်လျက်ရှိပါသည်။ ထိန်းသိမ်းစောင့်ရှောက်ထားသော သင်တန်းသား များ အနေဖြင့် လူမှုအသိုင်းအဝန်းအတွင်း ပြန်လည်ရောက်ရှိသည့်အခါ စာရိတ္တကောင်းမွန်ပြီး မိသားစုနှင့် လူမှုအသိုင်းအဝန်းအတွက် အားကိုးအားထားရသော လူငယ်များအဖြစ် ရောက်ရှိနိုင် ရေး အတွက် ကလေးသူငယ်အခွင့်အရေး အပြည့်အဝရရှိ ဖော်ဆောင်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သင့်ပါကြောင်း ဖော်ပြအပ်ပါသည်။
