သို့
ဥက္ကဋ္ဌ
ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ဗန်ကောက်မြို့
ရက်စွဲ။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ၂၈ရက်
ခင်ဗျား၊
၁။ ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသားများဖြစ်သည့် Mr.David Miller နှင့် Ms. Hannah Witheridge တို့ အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အလုပ်သမားနှစ်ဦး ဖြစ်သည့် မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့ကို လူသတ်မှုနှင့် ပြစ်မှု (၇) ခုတို့ဖြင့် ထိုင်းနိုင်ငံ၊ ကော့စမွီတရားရုံးက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ၂၄ ရက်နေ့တွင် သေဒဏ်အမိန့် ချမှတ်ခဲ့ကြောင်း သိရှိ ရပါသည်။
၂။ မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့၏ အမှုကိစ္စနှင့် ပတ်သက်၍ သက်သေ အထောက် အထားများ ပြည့်စုံခိုင်မာမှုမရှိကြောင်း၊ မှုခင်းဆေးသိပ္ပံပညာအရစစ်ဆေးရာတွင် အခိုင်အမာမပြနိုင်ကြောင်း၊ မျက်မြင်သက်သေလည်း မရှိကြောင်း၊ ရဲကစစ်ဆေးရာတွင် ညှဉ်းပန်းနှိပ်စက်မှုရှိကြောင်း စသည့်သတင်းများရှိခဲ့ပါသည်။
၃။ ယင်းကဲ့သို့သောအခြေအနေတွင် ကော့စမွီတရားရုံးက မောင်ဇော်လင်းနှင့်မောင်ဝင်းဇော်ထွန်း တို့အား သေဒဏ် ချမှတ်လိုက်ခြင်းအပေါ် မြန်မာနိုင်ငံရှိ ရန်ကုန်မြို့နှင့် အခြားမြို့များတွင် ပြည်သူများက ဆန္ဒပြလျက်ရှိကြပြီး ထိုင်းတရားရုံးက တရားမျှတစွာဆုံးဖြတ်၍ ၎င်းတို့နှစ်ဦးအားလွှတ်ပေး ရေးအတွက် တောင်းဆိုလျက်ရှိကြပါသည်။ နိုင်ငံရေး ပါတီအချို့နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း များကလည်း ၎င်းတို့နှစ်ဦးလွတ်မြောက်ရေးနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်လျက်ရှိပါသည်။ မြန်မာနိုင်ငံအစိုးရပိုင်းက ထိုင်းနိုင်ငံ အစိုးရပိုင်းသို့ ယင်းကိစ္စနှင့်စပ်လျဉ်း၍ တရားမျှတစွာ ဆုံးဖြတ်ရေးအတွက် မေတ္တာရပ်ခံ ခဲ့ကြောင်းကိုလည်းသိရှိရပါသည်။
၄။ ဤအမှုနှင့် ပတ်သက်၍အယူခံတင်သွင်းမည်ဟုသိရှိရသဖြင့် ယင်းသို့အယူခံဝင်သည့်အခါ အယူခံဝင်သည့် ကာလအတွင်း၎င်းတို့နှစ်ဦးအတွက်ရသင့်ရထိုက်သည့် လူ့အခွင့်အရေးများ ခံစားခွင့်ရရှိရေး၊ ထိုင်းတရားရုံးက တရားမျှတစွာ အဆုံးအဖြတ်ပေးရေး၊ ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု ကို ခွဲခြားဆက်ဆံမှုမရှိစေဘဲ ခံစားခွင့်ရရှိရေးနှင့် ၎င်းတို့၏ အသက် ရှင်သန်ပိုင်ခွင့် (right to life) ရရှိခံစားနိုင်ရေးတို့အတွက် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးကူညီ ဆောင်ရွက်ပေးပါရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က အလေးအနက် မေတ္တာရပ်ခံ အပ်ပါသည်။
ခင်မင်လေးစားစွာဖြင့်
( ဝင်းမြ )
ဥက္ကဋ္ဌ