၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်း၊ ဦးယုလွင်အောင်၊ ဒေါက်တာဉာဏ်ဇော်နှင့် ဒေါက်တာဒေါ်သန်းနွဲ့တို့သည် ကော်မရှင်ရုံးဝန်ထမ်းများ လိုက်ပါ၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ ၄၃၊ ၄၄ နှင့် ၄၅ တို့ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဗဟိုအကျဉ်းထောင်အား ၁၇-၂-၂၀၁၅ ရက်နေ့ နှင့် ၁၈-၂-၂၀၁၅ ရက်နေ့များတွင် အဖွဲ့ ၄ ဖွဲ့ခွဲ၍ အောက်ပါအတိုင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်-
(က) အဖွဲ့ (၁)။ အမှတ် (၁) အိပ်ဆောင်၊ အမှတ် (၅) အိပ်ဆောင် တိုက်ခန်းများ လူငယ်ဆောင်၊ တရားစခန်း၊ တွဲဘက်အလယ်တန်းကျောင်းနှင့် အကျဉ်းထောင် (အင်းစိန်) သို့မဟုတ် တွဲဘက်ထောင်၊
(ခ) အဖွဲ့ (၂)။ အမှတ် (၂) အိပ်ဆောင်၊ အမှတ် (၄) အိပ်ဆောင်နှင့် မီးဖိုဆောင်၊
(ဂ) အဖွဲ့ (၃)။ အမှတ် (၃) အိပ်ဆောင်၊ အမှတ် (၅) အိပ်ဆောင်၊ ဆေးရုံဆောင်နှင့် တိုက်ခန်းများ၊
(ဃ) အဖွဲ့ (၄)။ အမျိုးသမီးအိပ်ဆောင်များ။
၂။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့များသည် စာရင်းဇယားများအား ဖတ်ရှု့လေ့လာခြင်း၊ အိပ်ဆောင် များအတွင်း ကြည့်ရှုစစ်ဆေးခြင်းနှင့် အကျဉ်းသား၊ အကျဉ်းသူ ၆၀ ဦးတို့အား တစ်ဦးချင်း သီးခြား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
၃။ စစ်ဆေးတွေ့ရှိချက်များ
(က) အကျဉ်းသား အင်အား ၅၀၀၀ ဦး ဝင်ဆံ့မှု သတ်မှတ်ထားသော်လည်း နိုင်ငံခြားသား ၁၁၉ ဦး အပါအဝင် အကျဉ်းသား ၃၅၃၁ ဦး၊ အကျဉ်းသူ ၉၉၄ ဦး ရှိပြီး၊ တရားရုံး၌ အမှုရင်ဆိုင်ဆဲ အချုပ်သား ၂၉၁၄ ဦး၊ အချုပ်သူ ၄၃၇ ဦး ရှိပါသည်။ သို့ဖြစ်၍ အကျဉ်းသားနှင့် အချုပ်သား စုစုပေါင်း ၇၈၇၆ ဦး ရှိကြောင်းတွေ့ရှိရပါသည်။
(ခ ) ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေအရ ပြစ်ဒဏ်ကျ အကျဉ်း သား ၆ ဦးနှင့် အကျဉ်းသူ ၁ ဦး၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေအရ ပြစ်ဒဏ်ကျ အကျဉ်းသား ၉ ဦး၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) အရ ပြစ်ဒဏ်ကျအကျဉ်းသား ၁၁ ဦး၊ စုစုပေါင်း ၂၇ ဦးရှိပါသည်။
(ဂ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပါ ပြစ်မှု ကျူးလွန်သော အကျဉ်းသား၊ အချုပ်သား များပြားနေပါသည်။
(ဃ) အချို့ အကျဉ်းသားများက ၎င်းတို့ ကျူးလွန်သော ပြစ်မှုနှင့် ကျခံနေရသော ပြစ်ဒဏ် တို့မှာ မျှတခြင်းမရှိဟု သတင်းပို့မှုများရှိပါသည်။
(င ) အကျဉ်းထောင်တွင် တစ်ဆက်တည်း ပြစ်ဒဏ်ကျခံနေရသောကာလ(နေသား) ၁၄ နှစ်အထက် ရှိသော နိုင်ငံသားအကျဉ်းသား ၁၆ ဦး၊ အကျဉ်းသူ ၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၅ ဦး စုစုပေါင်း အကျဉ်းသား ၂၄ ဦး ရှိပါသည်။ ၎င်းတို့အနက် အသက် ၆၀ နှစ် ကျော်လွန်သူအကျဉ်းသား ၈ ဦးအား တွေ့ရှိရပါသည်။
(စ ) အချို့တိုက်ခန်းများတွင် ခြင်များကိုက်ခြင်း၊ အနံ့အသက်ဆိုးဝါးခြင်း၊ ရေလောင်း အိမ်သာအတွင်း ခြင်များခိုအောင်းနေခြင်းတို့ကို တွေ့ရှိရပါသည်။
(ဆ) လူငယ်ဆောင်မှ အချို့အကျဉ်းသားများတွင် ဝဲနှင့်ယားနာများ ဖြစ်ပွားနေခြင်း၊ ဖယောင်း ပုဆိုးအခင်းများ စုတ်ပြဲနေခြင်းတို့ကို တွေ့ရှိရပါသည်။
(ဇ ) လူငယ် အကျဉ်းသားများအား စာပေဗဟုသုတနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကြား ပေးမှုများ နည်းပါးလာကြောင်းတွေ့ရှိရပါသည်။
(ဈ) အကျဉ်းသား ယောဂီ ၁၀၀ ဆံ့သည့် အပြည်ပြည်ဆိုင်ရာ အမြဲတမ်း ၁၀ ရက် တရားစခန်းတွင် တစ်ကြိမ်ထက်တစ်ကြိမ် ယောဂီအင်အား နည်းပါးလာသည်ကို တွေ့ရှိရ ပါသည်။
(ည) ထောင်တွင်း ခုတင် ၅၀ ဆံ့ ဆေးရုံတွင် အကျဉ်းသား လူနာ ၄၀၀ ခန့် တက်ရောက် ကုသမှု ခံယူနေပြီး သွားရောဂါကုဆရာဝန် မရှိသည်ကို တွေ့ရှိရပါသည်။
(ဋ) ထောင်တွင်း အမျိုးသမီးဆေးရုံ၌ ဆေးရုံတက်လူနာ အကျဉ်းသူ ၄၄ ဦး၊ ဝန်ထမ်းသူနာပြု ဆရာမ ၁ ဦးနှင့် သားဖွား ဆရာမ ၁ ဦးသာ ရှိပြီး အမျိုးသမီး ဆရာဝန် မရှိသည်ကို တွေ့ရှိရပါသည်။
၃။ အကြံပြုတိုက်တွန်းချက်များ
(က) အကျဉ်းထောင်လက်စွဲနှင့်အညီ အကျဉ်းထောင်တွင် တစ်ဆက် တည်းပြစ်ဒဏ် ကျခံနေရသောကာလ (နေသား) ၁၄ နှစ်အထက် ရှိသော အကျဉ်းသားများ၏ ပြစ်ဒဏ်ကို လျှော့ပေါ့ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ခွင့်ပြုခြင်းများ ဆောင်ရွက်နိုင် ရန်အတွက် စိစစ်သင့်ပါသည်။
(ခ ) အချုပ်သားများအနက် အာမခံ ပေးသင့်သူများကိုပေး၍ အချုပ်လွတ်ထုချေခွင့်ပြု ခြင်း၊ အချုပ်ကာလ ကြန့်ကြာနေသော အချုပ်သားများ၏ ပြစ်မှုများကို မြန်မြန် ဆန်ဆန်နှင့် မှန်မှန်ကန်ကန် စစ်ဆေးစီရင်နိုင်ရန် စိစစ်ခြင်းနှင့် ကူညီခြင်းများပြုလုပ် သင့်ပါသည်။
(ဂ ) အရေးပေါ် စီမံမှုအက်ဥပဒေ၊ ပေါက်ကွဲစေတတ်သောဝတ္တုပစ္စည်းများ အက်ဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ စသည်တို့ကို ကျူးလွန် ဖောက်ဖျက်ခဲ့သူ အကျဉ်းသားများနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီနှင့် ဆွေးနွေးသင့်ပါသည်။
(ဃ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ကျူးလွန် သူများ လျော့နည်းပပျောက်စေရေးအတွက် အစီအမံများကို တိုးမြှင့်ပြုလုပ်သင့်ပါသည်။
(င ) သက်ဆိုင်ရာနိုင်ငံ အစိုးရများ၊ သံရုံးများနှင့် ဆက်သွယ်၍ သင့်တော်သည့် နေသား ရှိပြီးဖြစ်သောနိုင်ငံခြားသား အကျဉ်းသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြစ်မှု ဖြင့် လွှဲပြောင်းပေးသင့်ပါသည်။
(ဆ) နေရာထိုင်ခင်း ကြပ်တည်းမှုကို ဖြေရှင်းနိုင်ရန်အတွက် အကျဉ်းသား၊ အကျဉ်းသူ အိပ်ဆောင်များကို တိုးချဲ့ ဆောက်လုပ်သင့်ပါသည်။
(ဇ ) တတ်ကျွမ်းနားလည်သည့် နည်းပြဆရာများဖြင့် အကျဉ်းသားများအား အသက်မွေး ဝမ်းကျောင်းပညာ သင်ကြားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သင့်ပါသည်။
(ဈ) ပညာရေးတစ်ပိုင်းတစ်စဖြစ်နေသော လူငယ်အကျဉ်းသားများအား ပညာသင်ကြားပေးခြင်း၊ စည်းရုံးခြင်း၊ တိုက်တွန်းခြင်း၊ အားပေးခြင်းများ ဆက်လက်ပြုလုပ်သင့်ပါသည်။
(ည) အပြည်ပြည်ဆိုင်ရာ အမြဲတမ်း (၁၀) ရက်တရားစခန်းတွင် ယောဂီအင်အားအပြည့် ဝင်ရောက် နိုင်အောင် စီမံဆောင်ရွက်ပေးသင့်ပါသည်။
(ဋ ) ထောင်တွင်း၌ ခြင်၊ ယင်၊ ကြွက် နှိမ်နင်းခြင်း၊ ပိုးသတ်ဆေးများ ပက်ဖျန်းခြင်း၊ ရေလောင်း အိမ်သာသုံး သန့်ရှင်းရေးပစ္စည်းများ ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။
(ဌ ) တိုက်ခန်းနေ အကျဉ်းသား၊ အချုပ်သားအားလုံးအတွက် ခြင်ထောင်များရရှိရန် စီမံ ပေးသင့်ပါသည်။
(ဍ ) ထောင်တွင်း ခုတင် ၅၀ ဆံ့ ဆေးရုံကို အဆင့်တိုးမြှင့်၍ ဖွဲ့စည်းပုံနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများကို ပြည့်စုံစွာ ခန့်အပ်တာဝန်ပေးသင့်ပြီး လောလောဆယ် သွားရောဂါ ကုဆရာဝန်နှင့် အမျိုးသမီးဆရာဝန်တို့ကို ဆောလျင်စွာ ခန့်အပ်သင့်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ။ ၃-၃-၂၀၁၅