အာဆီယံအသိုက်အဝန်း လမ်းပြမြေပုံနှင့် လူ့အခွင့်အရေးဆက်နွယ်မှု အလုပ်ရုံ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပါဝင် တက်ရောက်ခြင်း

အာဆီယံပဋိညာဉ်အရ အာဆီယံက အသိအမှတ်ပြုထားသည့် အ​ဖွဲ့အစည်းတစ်ရပ် ဖြစ်သော အာဆီယံလူ့အခွင့်အရေး ယန္တရားလုပ်ငန်းအဖွဲ့၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေသည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်မှ ၁၃ ရက်အထိ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ် ရုံး၌ ကျင်းပသော အာဆီယံအသိုက်အဝန်းလမ်းပြမြေပုံနှင့် လူ့အခွင့်အရေးဆက်နွယ်မှု အလုပ်ရုံ ဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အာဆီယံအစိုးရ ချင်းဆိုင်ရာကော်မရှင်မှ ကိုယ်စားလှယ်များ၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ အာဆီယံကော်မရှင်မှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အသီးသီးမှ ကိုယ်စားလှယ် များ၊ အာဆီယံအသိုက်အဝန်း အကောင်အထည်ဖော်ဆောင်ရေးအတွက် တာဝန်ရှိသည့် အာဆီယံ နိုင်ငံအသီးသီး၏ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များပါဝင်တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲ၏ အဓိကရည်မှန်းချက်များမှာ အာဆီယံအသိုက်အဝန်းလမ်းပြ မြေပုံအား အကောင်အထည်ဖော်ဆောင်မှု အနေအထားကို လူ့အခွင့်အရေးရှုထောင့်မှ  သုံးသပ် ဆွေးနွေးရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အဖွဲ့အစည်း အသီးသီးတို့ အကြား ညှိနှိုင်းဆောင်ရွက်မှု အနေအထားကို သုံးသပ်ဆွေးနွေးရန်ဖြစ်သည်။ အလုပ်ရုံ ဆွေးနွေးပွဲကို ဘာသာရပ်အလိုက် အပိုင်း ၆ ပိုင်းခွဲ၍ ဆွေးနွေးကြရာ အပိုင်း ၄ – လူမှုရေး – ယဉ်ကျေးမှု လမ်းပြမြေပုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့ခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးညွန့်ဆွေက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ဆွေးနွေးပွဲရလဒ်အဖြစ် သုံးသပ်ချက်နှင့် အကြံပြုချက် များ ပါဝင်သည့် ဆွေးနွေးပွဲ အကျဉ်းချုပ်ကို ညှိနှိုင်းပြုစုခဲ့ကြပါသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်